ဆင်ပေါင်ဝဲမြို့နယ် ညောင်အင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေး
======================================================================
ဆင်ပေါင်ဝဲ အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆီထွက်သီးနှံစိုက်ပျိုးသောတောင်သူများ အတိုးနှုန်းသက်သာသည့် ငွေကြေးအရင်းအနှီးရရှိစေရန်အတွက် ညောင်အင်း ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာစုရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျက မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ အတိုးဆပ်ကာလ၊ အရင်းဆပ်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ ဆီထွက်သီးနှံစိုက်ပျိုးသော စီမံကိန်းအသင်းဝင်တောင်သူများ လိုက်နာရန်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေကျပ် နှစ်ဆယ် ဒသမ ၈ သန်းကို ညောင်အင်းကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ညောင်အင်းကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များကကျေးရွာရှိ ဆီထွက်သီးနှံစိုက်ပျိုး သောတောင်သူ ၈၂ ဦးအား ငွေကျပ် နှစ်ဆယ် ဒသမ ၈ သန်းကို အတိုးနှုန်းသက်သာစွာဖြင့် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညောင်အင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ကို ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါစီမံကိန်း အရင်းအနှီးငွေ များဖြင့် ကျေးရွာရှိတောင်သူများ ဆီထွက်သီးနှံများစိုက်ပျိုးထားသည့်အတွက် မြန်မာနိုင်ငံဆီထွက်သီးနှံကော်မတီ၏ ရည်မှန်းချက်ဖြစ်သော ပြည်တွင်းစားသုံးဆီဖူလုံရေးကို အထောက်အကူပြုကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။