မိုင်းရှူးမြို့နယ်၊ပိန်းကန်းကျေးရွာ၌ လယ်ယာဧကများစွာကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုစစ်ဆေး
=================================================================================================
မိုင်းရှူး စက်တင်ဘာလ ၂၆ ရက်
==========================
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင် ၊မိုင်းရှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ပန်စွဲကျေးရွာအုပ်စု၊ ပိန်းကန်းကျေးရွာ၌ လယ်ယာဧကများစွာကို အကျိုးပြု မည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် မိုင်းရှူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာမင်း၊မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဦး နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ပိန်းကန်းကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှူစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါကျေးလက်ကုန်ထုတ်လမ်းသည်အရှည် ၁မိုင် ၁ဖာလုံ၊အကျယ် ၁၂ ပေ၊ ထု ၉လက်မရှိပြီး ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၄၇ ဒသမ ၄၁၃)သန်းဖြင့် တင်ဒါအောင်မြင်သည့် HZM Power ကုမ္ပဏီက ဇူလိုင်လ တတိယအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုကြောင့် ယခုအခါလုပ်ငန်းများ ၃၀ရာခိုင်နူန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာရှိ ကျေးရွာသူ/သားများ၏ လယ်ယာဧက ၁၀၀ ကျော်မှ ထွက်ရှိသည့် စပါးနှင့် အခြားသော စိုက်ပျိုးသီးနှံများ စျေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်မည် ဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးဇေယျာမင်း ထံမှ သတင်းရရှိသည်။
မောင်ခိုင်
ရှမ်းတောင် ကျေးလက်