ပင်လောင်းမြို့နယ်၊ လက်ပံပင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုစစ်ဆေး
=======================================================================
ပင်လောင်း စက်တင်ဘာလ ၂၆ ရက်
============================
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ မြင်းတွင်းကျေးရွာအုပ်စု၊ လက်ပံပင်ကျေးရွာ၌ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းနှင့် အင်ဂျင်နီယာဝန်ထမ်းများသည် လက်ပံပင်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေ အနေများကို ကြည့်ရှူစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး က တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါကျေးလက်ကုန်ထုတ်လမ်းသည်အရှည် ၁မိုင် ၊အကျယ် ၁၂ ပေ၊ ထု ၉လက်မရှိပြီး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၅၉ ဒသမ ၂၉၄)သန်းဖြင့် တင်ဒါအောင်မြင်သည့် နေရောင်ခြည်ဦး ကုမ္ပဏီက ဇူလိုင်လ ဒုတိယအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါလုပ်ငန်းများ ၆၅ရာခိုင်နူန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
လက်ပံပင်ကျေးရွာတွင် အဆိုပါလုပ်ငန်းများ ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အကျိုးပြုအိမ်ခြေ၊(၁၃၀)အိမ်၊လူဦးရေ (၆၇၀)ဦး၏ လယ်ယာဧက ၁၂၀ ကျော်မှ ထွက်ရှိသည့် စပါးနှင့် အခြားသော ရာသီပေါ် စိုက်ပျိုး သီးနှံများ စျေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်မည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းဝင်းထံမှ သိရသည်။
မောင်ခိုင်
ရှမ်းတောင်ကျေးလက်