သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်ဒေသနေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ဝင်ငွေတိုး လုပ်ငန်းများ ပိုမိုတွင်ကျယ်စွာဆောင်ရွက်နိုင်လာစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက် စေရန်၊ ဒေသနှင့်ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းပေါများသည့် အသက်မွေးပညာရရှိပြီး လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်လုပ်ကိုင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်စေရန်၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုကုန်ထုတ်လုပ်ငန်းများမှသည်အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ (၁)ရက်နေ့က ဆန်ကိတ်မုန့်နှင့် ဆန်ကွတ်ကီး အမျိုးမျိုးပြုလုပ်သည့် သင်တန်းအား ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ရွာထောင်အုပ်စု၊ အုတ်ရှစ်ကုန်းကျေးရွာတွင် ဖွင့်လှစ်သင်ကြားခဲ့ပြီး (၁-၉-၂၀၂၃)မှ (၉-၉-၂၀၂၃) ရက်နေ့အထိ (၉)ရက်ကြာဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ(၂၀)ဦးအား လက်တွေ့ သင်ကြားပေးခဲ့ပါသည်။
အဆိုပါသင်တန်းဆင်းပွဲသို့ ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ ပြည်ခရိုင် အသေးစားနှင့် အလတ်စားနှင့် စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးငြိမ်းမင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၃) ဦးမြင့်စိုး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းနှင့် ဝန်ထမ်း များကျေးရွာရပ်မိရပ်ဖများ သင်တန်းသူများနှင့် ကျေးရွာသူကျေးရွာသားများတက်ရောက်ခဲ့ကြပြီး သင်တန်းတွင် ထူးချွန်စွာဆောင်ရွက်ခဲ့သည့် သင်တန်းသူများအား တာဝန်ရှိလူကြီးများက သင်တန်း ထူးချွန်ဆုများအသီးသီး ဆုချီးမြှင့်ခဲ့ပါသည်။ ထို့နောက်သင်တန်းမှ ထွက်ရှိသော မုန့်အမျိုးမျိုးအား ပေါက်ခေါင်းမြို့ရှိ ဆည်းဆာရိပ်ငြိမ် ဘိုးဘွားရိပ်သာသို့ သွားရောက် လှူဒါန်းခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းကြောင့် ကျေးရွာရှိ အမျိုးသမီးငယ်များ မိမိတို့ ကျေးရွာတွင် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။