ရှမ်းပြည်နယ်(မြောက်ပိုင်း) ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဟိုပန်ခရိုင်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဟိုပန်ခရိုင်အတွင်း ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်ရေပေးရေး၊ ကျေးလက်မီးလင်းရေး၊ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်းစသည့် စီမံကိန်းလုပ်ငန်းများကို သတ်မှတ် စံချိန် စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ကြရန်၊ လုပ်ငန်းများကို သတ်မှတ်ကာလအတွင်းပြီးစီးအောင်ဆောင်ရွက်ရေး သက်ဆိုင်ရာ ကုမ္ပဏီများလုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းအခက်အခဲရှိက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်တို့ကိုမှာကြားခဲ့ပါသည်။
ထို့နောက် ခရိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား အလေးထားဂရုပြုဆောင်ရွက်ရန် မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပါသည်။