Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဟိုပန်မြို့နယ်ကျေးရွာနှစ်ရွာတွင် ကုန်ထုတ်လမ်းနှင့်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

29 September 23

ရှမ်းပြည်နယ်(မြောက်ပိုင်း) ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် ကုန်ထုတ်လမ်းနှင့်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျေးလက်ဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ဦးစောမြင့်ထွန်း၊ ဟိုပန်ခရိုင်ကျေးလက်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဦးတင်မောင်စိုးနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်၆၈.၇၅ သန်းဖြင့် ဆောင်ရွက်သည့် ပန်ကောက်(ကချင်)ကျေးရွာတွင် ကုန်ထုတ်လမ်းဖောက်လုပ်နေမှုကိုလည်းကောင်း၊ ပြည်ထောင်စုမူလခွင့်ပြုရန်ပုံငွေကျပ် သန်း၄၀ဖြင့်ဆောင်ရွက်သည့် ကောင်းဆန်းကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကိုလည်းကောင်း စစ်ဆေးကြပြီး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် ပန်ကောက်(ကချင်)ကျေးရွာတွင် ဖောက်လုပ်နေသော ကုန်ထုတ်လမ်းသည် အရှည်တစ်မိုင် နှစ်ဖာလုံ၊ အကျယ်၁၂ပေ၊ ထု ကိုးလက်မဖြစ်ပြီး ဟိုပန်မြို့နယ်ကျေးလက်ဦးစီးဌာနက ယခုနှစ် ဇူလိုင်၈ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ၅၀ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ကောင်းဆန်းကျေးရွာစိမ့်စမ်းရေသွယ်ယူခြင်း အရှည်နှစ်မိုင်၊ ရေတားတမံတည်ဆောက်ခြင်း၊ ဂါလန် ၃၀၀၀ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းများကို အဆိုပါဦးစီးဌာနက ယခုနှစ် ဇူလိုင်လ ပထမပတ်တွင် စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ၅၅ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။