စဉ်ကူးမြို့နယ် ကျောက်ငနွားကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်းသွယ်တန်းခြင်း ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းခြင်း
စဉ့်ကူး စက်တင်ဘာ ၁၅ ရက်
မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းခရိုင် ၊ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျောက်ငနွားကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သပိတ်ကျင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဦးကျော်စိုး ၊ စဉ့်ကူးမြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း တာဝန်ခံတို့ ကကျောက်ငနွားကျေးရွာတွင် ၄၀၀ဗို့ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကျေးရွာအတိုးရငွေဖြင့် ဖွံ့ဖြိုးရေးလုပ် ငန်းများ လက်တွေ့ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ရာ အဆိုပါလုပ်ငန်းများကို အကျိုးရှိစွာအသုံးချရန်နှင့် ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားသည်။
အဆိုပါ ကျောက်ငနွားကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းမှ ငွေကျပ် ၁၂ ဒသမ၂သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် ၄၈ ဒသမ ၀၆၃၄ သန်းတို့ဖြင့် ဆောင်ရွက် သည့် ၄၀၀ဗို့ ဓာတ်အားလိုင်းအရှည် ၇၅၂၄ ပေ သွယ်တန်းခြင်းလုပ်ငန်းကို သြဂုတ်လ ပထမပတ် က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း အသင်းသား/အသင်းသူ ၁၇၃ ဦးတို့က မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ် ၄၂ ဒသမ ၂၅ သန်းဖြင့် သတ္တမအကြိမ်မြောက် ထုတ်ချေးလည်ပတ်လျက်ရှိကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းထံမှ သိရသည်။