မြိတ် စက်တင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် ကျေးလက်ဒေသဆင်းရဲမှုနှုန်း လျော့ကျလာစေရန်ရည်ရွယ်၍ ကျောက်ဖျာကျေးရွာအုပ်စု ဝန်ဖို့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်မပျောက်လည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေးခြင်းကို စက်တင်ဘာ၁၁ရက် နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ဝန်ဖို့ကျေးရွာရှိ ကျေးရွာရပ်မိ၊ ရပ်ဖများ ၊ကျေးရွာတာဝန်ရှိသူများ၊အသင်းသား၊ အသင်းသူများနှင့်တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ ၊စီမံကိန်းလက်စွဲစာစောင်ပါ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို ပြောကြားသည်။
ဆက်လက်၍ မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက စီမံကိန်းအကြောင်းအရာများ အတိုးနှုန်းသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့်ခံစားခွင့်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက ဝန်ဖို့ကျေးရွာမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြိတ်မြို့နယ် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဝန်ဖို့ကျေးရွာရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၅၆ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် ၃၂၇ သိန်း ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။