တံတားဦးမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင်နည်းသင်တန်းဖွင့်ပွဲကျင်းပ
တံတားဦး စက်တင်ဘာ(၄)
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနပူးပေါင်း၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးတွင် အထောက်အကူပြုနိုင်ရန် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင်နည်းသင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်း က ဘလဲ့ဘ(ကွက်သစ်)ကျေးရွာ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တံတားဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မာစန်းက အမှာစကားပြောကြားပြီးတံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချောယဉ်စု အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ် ပြုပြင်နည်းသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရရှိလာမည့် အကျိုးကျေးဇူးများနှင့် မိသားစု အတွက် တစ်ဖက်တလမ်းမှ အပိုဝင်ငွေရှာဖွေနိုင်သည့်ထိ ကြိုးစားသင် ယူသွားကြရန် ဆွေးနွေး ပြောကြား သည်။
ထိုနောက် မြို့နယ်ဦးစီးမှူး နှင့်တက်ရောက်လာကြသောဌာနဆိုင်ရာများကသင်တန်းသားများကို သင်တန်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။အဆိုပါသင်တန်းသို့ တံတားဦးမြို့နယ်ရှိ ကျေးရွာများမှ သင်တန်းသား၁၀ဦး တက်ရောက်ကြပြီး သင်တန်းတွင် ကျွမ်းကျင် နည်းပြ ဆရာနှစ်ဦးက အခြေခံ ဆိုင်ကယ်ပြုပြင်နည်းပညာများကို စာတွေ့၊လက်တွေ့ဖြင့် စက်တင်ဘာလ ၄ရက်နေ့ မှ စက်တင်ဘာလ၂၃ရက်ထိရက်၂၀ရက်ကြာ အခမဲ့သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်ချောယဉ်စု ပြောပြ၍သိရသည်။