ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊မူဆယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာလုပ်ငန်းကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို စက်တင်ဘာလ၉ရက်တွင် နောင်လောင်းကျေးရွာအုပ်စု၊ မန်ဟောင်းလွယ်ကျေးရွာ၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ မူဆယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်က မန့်ဟောင်းလွယ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းမှရရှိလာမည့် အကျိုးကျေးဇူးများ၊ အတိုးနှုန်းကာလသတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံ၊ဦးစီးအရာရှိ ဒေါ်ကေသွယ်မျိုးနှင့် ဝန်ထမ်းများက ကျေးရွာလုပ်ငန်းကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသော မန့်ဟောင်းလွယ်ကျေးရွာမှ ရပ်မိရပ်ဖများ၊ ကျေးရွာသူ၊ ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အမှန်တကယ်ဆောင်ရွက်နိုင်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင် အမျိုးသားလေးဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်းအဖွဲ့ဝင်ခုနစ်ဦးကို အများသဘောဆန္ဒနှင့်အညီ မဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းပေးကြသည်။
မူဆယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ မန့်ဟောင်းလွယ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း Type-1အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ငွေကျပ်သိန်း၃၀၀ကို အတိုးနှုန်းသက်သာစွာ ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။