မိတ္ထီလာမြို့နယ် ကျေးလက်ရေရရှိလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
မန္တလေး စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဥယျာဉ်ကျေးရွာ ကျေးလက် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းအချိန် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက ဥယျာဉ်ကျေးရွာ၌ စက်ရေတွင်း တူးဖော်ပြီးစီးမှုအခြေအနေ၊ ဂါလံ(၅၀၀၀)ဆံ့အုတ်ရေကန်တည်ဆောက်နေမှုအခြေအနေ၊ (၅’×၅’×၇’) ရေစက်ရုံတည်ဆောက်နေမှုအခြေအနေ၊ ပိုက်လိုင်းသွယ်တန်းပြီးစီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီးနောက် မြို့နယ်ဦးစီးမှူးက ရပ်မိရပ်ဖများ၊ ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီ ဝင်များနှင့် တွေ့ဆုံပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး၊ သတ်မှတ် အတိုင်းအတာပြည့်မီရေးတို့ကို အလေးထား ဆောင်ရွက်ပေးရန် ပြောကြားသည်။
မိတ္ထီလာမြို့နယ် ဥယျာဉ်ကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေခွင့်ပြုငွေကျပ် ၂၅ ဒသမ ၇၂ သန်း အသုံးပြုပြီး စက်ရေတွင်း ၄.၅’’Ø ၄၀၀’တူးဖော်ခြင်း၊ ဂါလံ(၅၀၀၀)ဆံ့ရေကန်တည်ဆောက်ခြင်း၊ (၅’×၅’×၇’) ရေစက်ရုံတည်ဆောက်ခြင်း၊ ပိုက်လိုင်း(၂’’Ø၂"ØPVC ၁၀၀၀')သွယ်တန်းခြင်းလုပ်ငန်းများကို သစ်ထူးမိုး ကုမ္ပဏီမှ တာဝန်ယူ၍ ဇွန် (၃၀)ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၆၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိအိမ်ခြေ ၁၀၈ အိမ်မှ လူဦးရေ ၅၇၂ ဦးအတွက် သောက်သုံးရေ ဖူလုံမည် ဖြစ်ကြောင်းသိရသည်။