ဝမ်းတွင်းမြို့နယ် သဖန်းပင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများထုတ်ချေး
ဝမ်းတွင် ဩဂုတ်လ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ဖလန်ကျင်းအုပ်စု၊ သဖန်းပင်ကျေးရွာရှိ ကျေးလက်နေပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်ရန် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပထမအကြိမ်ထုတ်ချေးခြင်းကို ဩဂုတ်လ ၂၈ ရက်တွင် အဆိုပါကျေးရွာ၌ ကွင်းဆင်း ထုတ်ချေးပေးကြောင်း သိရသည်။
ဦးစွာ ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက သဖန်းပင်ကျေးရွာရှိ ရပ်မိရပ်ဖများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်းသူ၊ အသင်းသားများနှင့် တွေ့ဆုံကာ လည်ပတ်ရန်ပုံငွေထုတ်ချေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်း လင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံက စီမံကိန်းကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလ သတ်မှတ်ချက်များ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့ အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက သဖန်းပင် ကျေးရွာတွင် ငွေချေးယူသော အသင်းသူ၊ အသင်းသား (၁၀၉)ဦးအား ငွေကျပ်သိန်း(၃၀၀)ကို အတိုး နှုန်းသက်သာစွာဖြင့် တစ်ဦးချင်းလက်ဝယ်အရောက် ထုတ်ချေးပေးကြောင်း သိရသည်။