ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တကွင်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ဩဂုတ် ၂၆ ရက်နေ့ကကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့် နှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ကျေးရွာရေရရှိရေးလုပ်ငန်းကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ ကြပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားခဲ့သည်။
အဆိုပါ တွင်းနက်တူးဖော်ခြင်းလုပ်ငန်းတွင် ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလံ၂၄၀၀ ဆံ့ကွန်ကရစ်ရေစင်တည်ဆောက်ခြင်း ၊၂” ရေပိုက်လိုင်း ပေ ၃၀၀၀သွယ်တန်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကအင်ဂျင်နီယာအစုအဖွဲ့ မှ ၂၀၂၃- ၂၀၂၄ခု ဘဏ္ဍာနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ(၃၁ ဒသမ ၃၄၀)ကျပ်သန်းဖြင့် ဇူလိုင် ၃၀ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၅၀%ပြီးစီးနေပြီဖြစ်ကြောင်း နှင့်အဆိုပါလုပ်ငန်းပြီးစီးပါက တကွင်းကျေးရွာ နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
(၂၈.၈.၂၀၂၃)ရက်နေ့ထုတ် မြို့တော်သတင်းစာ စာမျက်နှာ (၈) ကော်လံ(၃/၄)တွင်ပါရှိသည်။