ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စော်ကဲချောင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း လည်ပတ်ရန်ပုံငွေ ဒသမအကြိမ်ထုတ်ပေးခြင်းကို သြဂုတ်လ ၂၄ ရက် မွန်းလွဲ ၁နာရီက ကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာတာဝန်ခံ ဒေါ်ဇင်မာလွင်မှ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများ ကုစားပေးနိုင်ရန်အတွက်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် အခြားမိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန် မြစိမ်းရောင် စီမံကိန်းရန်ပုံငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း အသင်းသူအသင်းသားများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာတာဝန်ခံ ဒေါ်ဇင်မာလွင်နှင့် ဝန်ထမ်းများက စော်ကဲချောင်းကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့များနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၁၄၆)ဦးအား ငွေကျပ် (၄၁၉)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၃၇)ဦးအား ငွေကျပ် (၆၇)သိန်း (၅)သောင်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ (၅)ဦးအား ငွေကျပ် (၁၀)သိန်း(၅)သောင်း၊ စုစုပေါင်းစီမံကိန်းရန်ပုံငွေကျပ် (၄၉၇)သိန်းအား ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။