သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့် အတူ ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့သို့ရောက်ရှိကာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက် ဦးစီးဌာနများမှ ခရိုင်အဆင့်/မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့အား သေချာစွာနားလည် သဘောပေါက် သိရှိစေရေး၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များ အောင်မြင်အောင် ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ကြရေး၊ အထက်အောက် အပြန်အလှန်လေးစားမှု၊ ကူညီရိုင်းပင်းမှု တို့ဖြင့် ဌာနတွင်းစည်းလုံးညီညွတ်မှုတည်ဆောက်ရေး၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် တာဝန်ရှိသူများက အလေးထားဆောင်ရွက်ပေးရေး မှာကြားသည်။
ထို့နောက် ပြည်နယ်ဦးစီးမှူးများက ဦးစီးဌာနများအလိုက်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တင်ပြကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ရှင်းလင်း ဆွေးနွေး ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် လားရှိုးမြို့နယ် နမ့်စံလွယ်ကျေးရွာသို့ သွားရောက်ကာ ဘက်စုံသုံးခန်းမ၌ ကျေးရွာလူထုနှင့်တွေ့ဆုံပြီး ရွာတွင်းလမ်းပြုပြင်ပေးရေး၊ ကုန်ထုတ်လမ်း ဆောက်လုပ်ပေးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။ အဆိုပါ ဘက်စုံသုံးခန်းမကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ကျပ် (၁၀) သန်း၊ ပြည်သူလူထုထည့်ဝင်ငွေကျပ် (၅၄ ဒသမ ၉၈) သန်း၊ စုစုပေါင်း (၅၄ ဒသမ ၉၈) သန်းဖြင့် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် တက်ရောက်လာသူများကို လိုက်လံနှုတ်ဆက်၍ ခန်းမတည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် လားရှိုးမြို့နယ် မန်အိုင်ကျေးရွာသို့သွားရောက်ကာ ဆပ်ပြာရည်ထုတ်လုပ်မှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါလုပ်ငန်းသည် အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ဇွန်လအတွင်း ဖွင့်လှစ်ခဲ့သော လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာ သင်တန်း တက်ရောက်အောင်မြင်ခဲ့သူ ကျေးရွာသူ/ကျေးရွာသား (၆)ဦး အတူတကွ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းလုပ်ငန်း တိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။