ဘားအံ ဩဂုတ် ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်ဖွင့်လှစ်လျက်ရှိသည့် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု အခြေခံဖုန်းပြင်သင်တန်းဆင်းပွဲကို ဩဂုတ် ၁၄ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးရန်မျိုးနိုင်က သင်တန်း ဆင်းအမှာစကား ပြောကြားသည်။
ဆက်လက်၍ ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်က အခြေခံဖုန်းပြင်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး သင်တန်းသူသင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားတတ်မြောက်ခဲ့သော အခြေခံဖုန်းပြုပြင်ခြင်းဆိုင်ရာ ပညာရပ်များကိုအခြေခံ၍ အဆင့်မြင့်ပညာများလေ့လာသင်ယူပြီး မြေပြင်တွင် လက်တွေ့အသုံးချကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်က ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုဆုချီးမြှင့်ပြီး ခရိုင်ဦးစီးမှူး ဦးဝင်းဇော်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် သင်တန်းသူသင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက အခြေခံဖုန်းပြင်သင်တန်းဖွင့်လှစ်ပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါသင်တန်းကို ဩဂုတ်လ ၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ၁၂ ရက်ကြာ ကျွမ်းကျင်နည်းပြများက စာတွေ့လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချခဲ့ပြီး ဘားအံခရိုင်အတွင်းရှိခေတ်မီစံပြကျေးရွာများမှ သင်တန်းသူသင်တန်းသား ၁၁ ဦး နှင့် အခြားစိတ်ပါဝင်စားသည့်ကျေးရွာများမှ သင်တန်းသူသင်တန်းသား ၆ ဦး၊ စုစုပေါင်း ၁၇ ဦး တက်ခဲ့ကြောင်း ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။