၂၀၂၃ ခုနှစ် ဩဂုတ် လ ၁၄ ရက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအဆင့်ဆင့်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေပြီး စွမ်းဆောင်ရည်မြှင့်မားစေရန် ရည်ရွယ်၍ ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး “ဘဏ္ဍာရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း” ဖွင့်ပွဲကို ဩဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောဒီးဒီက သင်တန်းသား သင်တန်းသူများအနေဖြင့် ယခုလို ဘဏ္ဍာရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းဖြင့် သင်တန်းမှသင်ခန်းစာများကို လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိအောင်ပြန်လည်အသုံးချပြီး မိမိတို့၏စွမ်းဆောင်ရည်များ စဉ်ဆက်မပြတ်တိုးတက် အောင်ကြိုးစားကြရန်နှင့် သင်တန်းကာလအတွင်း ကြိုးစားသင်ယူကြစေလိုကြောင်း မှာကြားခဲ့ ပါသည်။
ပြည်နယ်ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်နော်ချောစု မှ သင်တန်းစည်းကမ်းချက်များအား ဖတ်ကြားခဲ့ပြီး သင်တန်းသားများအနေဖြင့် သင်တန်းချိန်အတွင်း စိတ်ပါဝင်စားစွာလေ့လာသင်ယူကြ ရန်၊ သင်တန်းကာလအတွင်း အချိန်ပြည့်တက်ရောက်ကြစေလိုကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများပီသစွာ ဖြင့် သင်တန်းစည်းကမ်းများလိုက်နာစေလိုကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ ဘဏ္ဍာရေးဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ဝန်ထမ်း(၂၀)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းတွင် ဘဏ္ဍာရေးဆိုင်ရာနှင့် ပတ်သက်သည့်သင်ခန်းစာများကို ဩဂုတ်လ(၁၄)ရက်မှ (၁၈)ရက်ထိ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။