စလင်းမြို့နယ် ဘိုကုန်းကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေထုတ်ချေး
===========================================
စလင်း ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူရေးနှင့် အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ လိုအပ်သောငွေကြေး အရင်းအနှီးရရှိစေရန်အတွက် ဇီးဖြူပင်ကျေးရွာအုပ်စု၊ ဘိုကုန်းကျေးရွာ၌ ကျေး ရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ချေးငွေ ထုတ်ချေးပေးခြင်းကို ဩဂုတ် ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းမြတ်ကြူက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ အတိုးဆပ်ကာလ၊ အရင်းဆပ်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျေးရွာမတည်ရန်ပုံငွေကျပ် ၂၂ ဒသမ ၇ သန်းကို ဘိုကုန်းကျေးရွာ မတည်ရန်ပုံငွေစီမံကိန်းကော်မတီထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဘိုကုန်းကျေးရွာ မတည်ရန်ပုံငွေစီမံကိန်းကော်မတီများက ကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၇၇ ဦးအား ငွေကျပ် ၂၂ ဒသမ ၇ သန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဇီးဖြူပင်ကျေးရွာအုပ်စု၊ ဘိုကုန်းကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါစီမံကိန်း မတည်ရန်ပုံငွေများဖြင့် ကျေးရွာသူကျေးရွာသားများတပိုင်တနိုင်အသေးစားစီးပွားရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့်အတွက် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားလာကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။