မကွေးမြို့နယ် စမ်းမကြီးကျေးရွာ၌ ဆိုလာစနစ်ဖြင့် သောက်သုံးရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး
====================================================================
မကွေး ဩဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၆)နှင့်အညီ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် စမ်းမကြီး ကျေးရွာ၌ ဆိုလာစနစ်ဖြင့် သောက်သုံးရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန် နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် စမ်းမကြီးကျေးရွာသောက်သုံးရေရရှိရေးကော်မတီဝင်များနှင့်အတူ ဆိုလာရေတင်စနစ်တည်ဆောက်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းနှင့် အိမ်တိုင်ရာရောက်ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက မြင့်မိုရ်စံထား ကုမ္ပဏီမှ တာဝန်ခံအား လုပ်ငန်းများအားလုံး သတ်မှတ်အတိုင်းအတာ၊ သတ်မှတ်စံနှုန်းများအတိုင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍားရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၁၀၃ ဒသမ ၁၅ သန်းဖြင့် စမ်းကြီးကျေးရွာ၌ ၉ ဒသမ ၉ ကီလိုဝပ် ဆိုလာစနစ်တည်ဆောက်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်းနှင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းအရှည် ၃၀၀၀၀ ပေ သွယ်တန်းခြင်းလုပ်ငန်းများကို မြင့်မိုရ်စံထားကုမ္ပဏီက တာဝန်ယူ၍ ဇွန်လ ၂၄ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၆၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၄၄၆ အိမ်၊ လူ ၂၀၈၂ ဦးနှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာရရှိမည့်အပြင် အိမ်တိုင်ရာရောက်စနစ်ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာမည်ဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။