ကံမမြို့နယ် ရေလယ်ကျွန်းတောင်ကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေထုတ်ချေး
==================================================
ကံမ ဩဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူရေးနှင့် အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ လိုအပ်သောငွေကြေး အရင်း အနှီးရရှိစေရန်အတွက် ဂုန်းသောင်ကျေးရွာအုပ်စု၊ ရေလယ်ကျွန်းတောင်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ချေးငွေ ထုတ်ချေးပေးခြင်းကို ဩဂုတ် ၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းကိုနိုင်က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ အတိုးဆပ်ကာလ၊ အရင်းဆပ်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျေးရွာမတည်ရန်ပုံငွေကျပ် ၃၀ ဒသမ သုည ၅ သန်းကို ရေလယ်ကျွန်းတောင်ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကော်မတီထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရေလယ်ကျွန်းတောင်ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကော်မတီများက ကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ ၁၈၇ ဦးအား ငွေကျပ် ၃၀ ဒသမ သုည ၅ သန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂုန်းသောင်ကျေးရွာအုပ်စု၊ ရေလယ်ကျွန်းတောင်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါစီမံကိန်းမတည်ရန်ပုံငွေများဖြင့် ကျေးရွာသူကျေးရွာသားများတပိုင်တနိုင် အသေးစားစီးပွားရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့်အတွက် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားလာကြောင်း ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။