စလင်းမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ကော်မတီအသစ်ပြန်လည်ဖွဲ့စည်း
==========================================================
စလင်း ဩဂုတ် ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP)ဆောင်ရွက်လျက်ရှိသည့် ညောင်ပင်လှကျေးရွာ၌ စီမံကိန်းကော်မတီဝင်အသစ် ပြန်လည်ဖွဲ့စည်းခြင်းကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်က ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRF)၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များကို ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်သင်းမြတ်ကြူက VRFP စီမံကိန်းလက်စွဲပါ ကော်မတီရွေးချယ်ရာတွင် လိုက်နာရန်အချက်များနှင့် ကော်မတီဝင်များ၏တာဝန်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသောကျေးရွာသူကျေးရွာသားများက VRFP စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းပြောကြားသည်။
ထို့နောက် စလင်းမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာသူကျေးရွာသားများ၏ အများသဘောဆန္ဒဖြင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ကော်မတီဝင်များကို ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။
စလင်းမြို့နယ်၊ တညောင်ကျေးရွာအုပ်စု၊ ညောင်ပင်လှကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ကို ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်ကစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းမတည်ရန်ပုံငွေများဖြင့် ကျေးရွာသူ ကျေးရွာသားများ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။