မကွေးမြို့နယ် ယင်းသာစည်အရှေ့ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်နေမှုစစ်ဆေး
====================================================
မကွေး ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယင်းသာစည်အရှေ့ကျေးရွာကုန်ထုတ်လမ်း မြေနီကျောက်စရစ်ခင်းခြင်းနှင့် ကွန်ကရစ်ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန်နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် Dears Brain ကုမ္ပဏီမှတာဝန်ရှိသူများ၊ ယင်းသာစည်အရှေ့ကျေးရွာ ကုန်ထုတ်လမ်းတံတားဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်းအရှည် တစ်မိုင် လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် တစ်ပေ ၉ လက်မ အောက်ခံလွှာကျောက်ရောမြေခင်းခြင်းနှင့် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် အလျား ၈၀ ပေ အနံ ၁၈ ပေ ဒု ၈ လက်မရှိသော ကွန်ကရစ်ရေကျော်တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကုမ္ပဏီမှ တာဝန်ရှိသူအား လုပ်ငန်းများအားလုံး သတ်မှတ်အတိုင်းအတာ ဒီဇိုင်းအတိုင်း အရည်အသွေးပြည့်မီစွာဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၄၇ သန်းဖြင့် ယင်းသာစည်အရှေ့ကျေးရွာကုန်ထုတ်လမ်းခင်းခြင်းနှင့် ကွန်ကရစ်ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းများကို Dears Brain ကုမ္ပဏီက တာဝန်ယူ၍ ဇွန်လ ၂၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၉၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက ယင်းသာစည်အရှေ့ကျေးရွာနှင့် ကျောက်ပစ်ကုန်းကျေးရွာတို့ရှိ အိမ်ခြေ ၅၇၇ အိမ်၊ လူ ၂၇၂၁ ဦး၊ လယ်ယာစိုက်ပျိုးရေးဧက ၁၀၀၀ ဧကမှ ထွက်ရှိသော ဒေသထွက်ကုန် သီးနှံမျိုးစုံကို ရာသီမရွေး ဈေးကွက်သို့အချိန်မီတင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။