သရက်ချောင်းဩဂုတ် ၃
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အိမ်ရှေ့ပြင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပထမအကြိမ် ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ ကျစေရန်နှင့်တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများနှင့် အခြားမိသားစုဝင်ငွေတိုး စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စီမံကိန်းရန်ပုံငွေကျပ် ၂၉၇ သိန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ ဝင်များထံ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင် များနှင့်အတူ အိမ်ရှေ့ပြင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ပထမအကြိမ်အဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူစုစုပေါင်း အသင်း သား၊ အသင်းသူ ၅၆ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်မပျောက်လည်ပတ်ရန်ပုံငွေကျပ် ၂၉၇ သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။