ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ဇူလိုင်၁၂ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဦးစောမြင့်ထွန်းနှင့် တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေများဖြင့် ဆောင်ရွက်သည့် တုံစင့်ကျေးရွာအုပ်စု၊ ကျောင်းပြိန်းကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ဘော်ကြိုကျေးရွာအုပ်စု၊ ရွာဟောင်းကျေးရွာ၌ ကျေးရွာခန်းမတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှုကိုလည်းကောင်း စစ်ဆေးကြသည်။ သီပေါမြို့နယ် ကျောင်းပြိန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေကျပ် (၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၈)သန်း၊ စုစုပေါင်း(၂၃)သန်းဖြင့် ဆောင်ရွက်သည့်ကျေးရွာတွင်း ကွန်ကရစ်လမ်းမှာ အရှည်ပေ ၁၁၅၀၊ အကျယ် ၁၂ပေ၊ ထု ၆လက်မရှိပြီး ဘော်ကြိုကျေးရွာအုပ်စု၊ ရွာဟောင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေကျပ် (၂၁)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၅.၈၇)သန်းဖြင့် တည်ဆောက်နေသော ကျေးရွာခန်းမမှာ အလျားပေ ၆၀၊ အနံပေ ၃၀၊ အမြင့်ပေ ၁၂ပေရှိကြောင်းသိရသည်။