အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်သင်ကြားနေမှု စစ်ဆေး
******************************
မြို့သစ် မေ ၁၆
မဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု"အခြေခံစက်ချုပ်သင်တန်း"ဖွင့်လှစ်သင်ကြားနေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီး၊ မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေမြင့် နှင့် တာဝန်ရှိသူများသည် မြေပြင်သာကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း လက်တွေ့ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးပြီး ခရိုင်ဦးစီးမှူး က သင်တန်းသူများအား သင်တန်းကာလပြီးဆုံးသည့်တိုင် စိတ်ပါဝင်စားစွာ သင်ယူကြစေလိုကြောင်း၊ သင်တန်းကာလပြီးမြောက်ပါက မိမိတို့မိသားစု စားဝတ်နေရေးအတွက် တပိုင်တနိုင် စီးပွားရေးလုပ်ငန်းအဖြစ် လက်တွေ့အသုံးချကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
မြေပြင်သာကျေးရွာ၌ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းကို ဧပြီ ၂၅ ရက်နေ့မှ မေ ၂၄ ရက်နေ့ထိ ရက် ၃၀ ကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး မြေပြင်သာကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ သင်တန်းသူ ၃၀ ဦး တက်ရောက်သင်ယူလျှက်ရှိကြောင်း မြို့သစ်မြို့နယ် ဦးစီးမှူး ဒေါ်ခင်ဆွေမြင့်ထံမှ သိရသည်။