စလင်းမြို့နယ် အင်ကြင်းပင်လှ(န)ကျေး ရွာ၌ ဆိုလာရေတင်စနစ်အသုံးပြုမှု ကွင်းဆင်းစစ်ဆေး
*********************************
စလင်း မေ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အင်ကြင်းပင်လှ(န)ကျေးရွာ၌ ဆီထွက်သီးနှံ စိုက်ပျိုးရာတွင် စိုက်ပျိုးရေအထောက်အကူပြု ဆိုလာရေတင်စနစ် လုံလောက်စွာရရှိမှု ရှိမရှိ အခြေအနေကို သိရှိနိုင်ရန်အတွက် ဆိုလာရေတင်စနစ်အသုံးပြုမှု အခြေအနေများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင် နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် အင်ကြင်းပင်လှ(န)ကျေးရွာ ရေရရှိရေးကော်မတီဝင်များ နှင့်အတူ ဆိုလာရေတင်စနစ် အသုံးပြု၍ ဆီထွက်သီးနှံ စိုက်ပျိုးသော တောင်သူများ စိုက်ပျိုးရေအထောက်အကူပြု ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေ လုံလောက်စွာရရှိမှု ရှိမရှိ အခြေအနေများကိုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး က ဆိုလာရေတင်စနစ် ရေရှည်အသုံးပြုနိုင်ရေးအတွက် ရေကော်မတီနှင့် တောင်သူများက ဝိုင်းဝန်ထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်၊ အင်ကြင်းပင်လှ(န)ကျေး ရွာ၌ စိုက်ပျိုးရေအထောက်အကူပြု ဆိုလာရေတင်စနစ်ဆောင်ရွက်ထားရှိသည့်အတွက် ကျေးရွာရှိ အိမ်ခြေ ၈၅ အိမ်နှင့် လူ ၃၇၈ ဦးအတွက် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စိုက်ပျိးရေလွယ်ကူစွာရရှိခြင်း၊ ဆိုလာစနစ် ဖြစ်သည့်အတွက် ဒီဇယ်ဆီဖိုးသက်သာခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမှ ကာကွယ်နိုင်ခြင်း၊ ရာသီချိန်အလိုက် အချိန်မီ ရေသွင်းနိုင်သည့်အတွက် သီးနှံများအထွက်တိုးခြင်း၊ ရာသီပေါ်သီးနှံများ ပိုမိုစိုက်ပျိုးလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိကြောင်း စလင်းမြို့နယ် ဦးစီးမှူး ဦးမောင်မောင်သွင် ထံမှ သိရသည်။
အဆိုပါဆိုလာရေတင်စနစ်အား ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု(ဆီထွက်သီးနှံ) ရန်ပုံငွေကျပ် ၂၁ ဒသမ သုည ၉၂ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၄ ဒသမ ၅ လက်မအကျယ် ၁၀၀ ပေ အနက် စက်ရေတွင်း၊ ၅ ဒသမ ၄ ကီလိုဝပ် ဆိုလာစနစ်တည်ဆောက်ခြင်းလုပ်ငန်း
များ ပါဝင်ကြောင်း စလင်းမြို့နယ်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။