မကွေးမြို့နယ်၌ စက်ရေတွင်းလုပ်ငန်းများ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းခြင်း သင်တန်းဖွင့်လှစ်
********************************
မကွေး ဧပြီ ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စဥ်ဆင်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၆)အရ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် ရေရရှိရေးလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါရေရရှိရေးလုပ်ငန်းများ ရေရှည်တည်တံ့စေရန်အတွက် ကျေးရွာရေရရှိရေးကော်မတီဝင်များအား "စက်ရေတွင်းလုပ်ငန်းများ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်း"ကို ယနေ့ နံနက် ၉ နာရီက မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီးက သင်တန်းအဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်အိသဉ္ဇာဖူးက ကျေးရွာရေရရှိရေးကော်မတီဝင်များအနေဖြင့် ဆောင်ရွက်ပြီးရေရရှိရေးလုပ်ငန်းများအား ရေရှည်အသုံးပြုနိုင်ရေးအတွက် အသေးစားပြုပြင်ခြင်းလုပ်ငန်းများကို ကျေးရွာရေကော်မတီဝင်များနှင့် ရေသုံးစွဲသူ ကျေးရွာသူကျေးရွားသားများက စနစ်တကျ ဝိုင်းဝန်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဆိုပါအသေးစားပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ပြုပြင်ထိန်းသိမ်းရေးရန်ပုံငွေလိုအပ်သောကြောင့် သင့်တင့်သော ရေဖိုးရေခ ကောက်ခံရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းတစ်ဦးက ကျေးရွာရေရရှိရေး ကော်မတီဝင်များအား ရေရရှိရေးလုပ်ငန်းလက်စွဲပါ စက်ရေတွင်း ပြုပြင်ထိန်းသိမ်းရေး နည်းစနစ်များ၊ စက်ရေတွင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ ရေဖိုးရေခကောက်ခံရာတွင် ဆောင်ရွက်ရန်အချက်များ၊ ရေကော်မတီများလိုက်နာရန်စည်းကမ်းချက်များနှင့် ရေသုံးစွဲသူများလိုက်နာရန် စည်းကမ်းချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ရေရရှိရေးလုပ်ငန်းဆောင်ရွက်ခဲ့သော ကျေးရွာ ၁၈ ရွာမှ ရေကော်မတီဝင် ၃၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာ ၁၈ ရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာနက ပြည်ထောင်စုရန်ပုံငွေနှင့် နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေကျပ် ၄၆၂ ဒသမ ၂၁ သန်းဖြင့် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းပေါင်း ၁၈ ခုကို အောက်တိုဘာ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့်အတွက် အဆိုပါရေပေးရေးလုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရန်အတွက် စက်ရေတွင်းလုပ်ငန်းများ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။