တပ်ကုန်းမြို့နယ် ဂွေးပင်စံပြကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းနှင့် အုတ်စီရေမြောင်းဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး
နေပြည်တော် ဇွန် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တပ်ကုန်းမြို့နယ်အတွင်းရှိ ဂွေးပင်စံပြကျေးရွာ၌ နေပြည်တော်ကောင်စီရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် အုတ်စီရေမြောင်း တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်တင်တင်စိုးနှင့် မြို့နယ်တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များနှင့်အတူ ဂွေးပင်စံပြကျေးရွာ၌ နေပြည်တော်ကောင်စီ ရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် အုတ်စီရေမြောင်း တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။
ဂွေးပင်စံပြကျေးရွာ ကျေးတွင်းလမ်း အရှည် ၂ ဒသမ ၅၆၁ ဖာလုံ၊ အကျယ် ၁၂ ပေ အမြင် ခုနစ်လက်မထု ကွန်ကရစ်ခင်းခြင်း နှင့် လမ်းဘေးဝဲ/ယာ အုတ်စီရေမြောင်း အရှည် ၃၇၉၀ ပေ အကျယ် တစ်ပေခြောက်လက်မ အမြင့် တစ်ပေခြောက်လက်မ အုတ်ရိုးစီခြင်းလုပ်ငန်းကို နေပြည်တော်ကောင်စီခွင့်ပြုရန်ပုံငွေကျပ် ၁၂၃ ဒသမ ၀၈၃ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများ စုဖွဲ့ကာ ယခုလ ပထမအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၄၀ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် အုတ်စီရေမြောင်း တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၁၉၆ အိမ်၊ လူဦးရေ ၁၀၈၄ ဦးနှင့် စိုက်ပျိုးမြေဧက ၁၀၃ ဧကကို အကျိုးပြုပေးနိုင်မှာဖြစ်ကြောင်း သိရသည်။
သူသူ