ဆင်ပေါင်ဝဲမြို့နယ် ရွှေမောင်းစွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သတ္တမအကြိမ်ထုတ်ချေးပေး
ဆင်ပေါင်ဝဲ ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာ ဖြစ်သည့် ရွှေမောင်းစွန်းကျေးရွာအုပ်စု၊ ရွှေမောင်းစွန်းကျေးရွာအား စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ သတ္တမအကြိမ် ထုတ်ချေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျက ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာကော်မတီဝင်များအား ရန်ပုံငွေများ စနစ်တစ်ကျ လွှဲပြောင်း ပေးအပ်ကြပါသည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း သတ္တမအကြိမ်အဖြစ် ဆင်ပေါင်ဝဲမြို့နယ် ရွှေမောင်းစွန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၈၁ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၇၆ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ လေးဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ တစ်ဦး စုစုပေါင်း အသင်းသား ၁၆၂ ဦးအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၁၈ ဒသမ ၅ သိန်းကို ကျေးရွာ မြစိမ်းရောင် ကျေးရွာ စီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များက နေ့ချင်းပြီး ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်ဇေယျက ပြောပြ၍ သိရသည်။
သန်းလွင်(မကွေး)